International News

ရင်းနှီးမြှုပ်နှံမှုများအားကောင်းလာခြင်းကြောင့် ဂျပန်နိုင်ငံ၏စီးပွားရေးအခြေအနေမှာ

Last Updated:

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုခီရှိဒအစိုးရအနေဖြင့် ရွေးကောက်ပွဲကို ကျင်းပရန်လျာထားသည့် အချိန်ထက်စော၍ပြုလုပ်နိုင်ကြောင်း ခန့်မှန်းထားပြီး အပြုသဘောဆောင်သည့်ဖွံ့ဖြိုးတိုးတက်မှုများ များစွာရရှိနိုင်ကြောင်း မျှော်မှန်းထားသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းများ၏ လည်ပတ်ဆောင်ရွက်နိုင်မှု ပိုမိုအားကောင်းကာ ကုန်စည်များဝယ်ယူသုံးစွဲနိုင်မှုမြင့်တက်လာခြင်းကြောင့် ဂျပန်နိုင်ငံ၏စီးပွားရေးမှာ ကနဦးခန့်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာတိုးတက်လာကြောင်း ဖော်ပြထားပါသည်။

အစိုးရအဖွဲ့ရုံး၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ချက်များအရ ဂျပန်နိုင်ငံ၏ နှစ်စဉ်စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP)မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ (၃)လအတွင်းတွင် ၂.၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ စီးပွားရေးပညာရှင်များက GDP တိုးတက်မှုနှုန်းကို ၁.၆ ရာခိုင်နှုန်းနှင့် ၁.၉ ရာခိုင်နှုန်းရှိနိုင်ကြောင်း အသီးသီးခန့်မှန်းခဲ့ကြသော်လည်း ယခုထုတ်ပြန်ချက်အရ အဆိုပါခန့်မှန်းချက်များကို ကျော်လွန်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်နိုင်ငံအနေဖြင့် ယခင်နှစ် နှစ်ကုန်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် နည်းပညာဆိုင်ရာ အကြပ်အတည်း (Technical Recession) ကို ကျော်လွှားနိုင်ခဲ့ကြောင်းကို အစိုးရက ထုတ်ပြန်ထားသည့် ကိန်းဂဏန်းအချက်အလက် များက သက်သေပြလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့စီးပွားရေးကျဆင်းလာမှုကြောင့် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့သော်လည်း ဂျပန်နိုင်ငံရှိ ကုမ္ပဏီများအကြား အပြုသဘောဆောင်သည့် သဘောထားအမြင်များ ကိန်းအောင်းနေဆဲဖြစ်သည့်အတွက်  ဂျပန်နိုင်ငံရှိ လုပ်ငန်းကြီးများတွင် ရင်းနှီးမြှုပ်နှံမှုများ ခိုင်မာအားကောင်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။ စီးပွားရေးလုပ်ငန်းများ၏ နိုင်ငံအတွင်းလည်ပတ်ဆောင်ရွက်နိုင်မှု ပိုမိုအားကောင်းကာ သုံးစွဲနိုင်မှုမြင့်တက်လာခြင်းကြောင့် GDP မှာ ပုံမှန်မြင့်တက်လာသော်လည်း ထိုသို့လုပ်ငန်းများ၏ ကုန်စည်ထုတ်လုပ်နိုင်မှုတိုးတက်လာခြင်းနှင့်အညီ ဝယ်လိုအားတိုးတက်လာခြင်းမရှိဘဲ ကုန်စည်များပိုမိုစုပုံများပြားလာမည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ သုံးစွဲသူများ၏ ဝယ်ယူသုံးစွဲနိုင်စွမ်း (Consumer Spending) မှာလည်း ကနဦးခန့်မှန်းထားသည်ထက် လျော့နည်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဝန်ကြီးချုပ်ခီရှိဒအစိုးရအနေဖြင့် ရွေးကောက်ပွဲကို ကျင်းပရန်လျာထားသည့်အချိန်ထက်စော၍ ကျင်းပနိုင်ကြောင်း ခန့်မှန်းချက်များကြောင့် နိုင်ငံ၏စတော့ရှယ်ယာဈေးနှုန်းများမှာ ဆယ်စုနှစ် ၃ ခုအတွင်း အမြင့်ဆုံးနှုန်းနီးပါးသို့ရောက်ရှိခဲ့ပြီး GDP တိုးတက်မှုနှုန်းမှာ မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏စီးပွားရေးကို ဟန်ချက်ညီအောင်ထိန်းညှိဆောင်ရွက်နေရသည့် ဂျပန်ဗဟိုဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း အဆိုပါရွေးကောက်ပွဲဆိုင်ရာမျှော်မှန်းချက်များကအထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း၊ဂျပန်ဗဟိုဘဏ်အနေဖြင့် လာမည့်အပတ်အတွင်း ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒများ ချမှတ်သွားရန် အစည်းအဝေးကျင်းပပြုလုပ်သွားရန်ရှိကြောင်းလည်း ဖော်ပြထားပါသည်။

ဝန်ကြီးချုပ် ခီရှိဒအနေဖြင့် ယခင်ကာလကဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအခြေအနေထက် လက်ရှိစီးပွားရေးအခြေအနေပေါ်သာ အဓိကထားသုံးသပ်သွားရန်ရှိကြောင်း၊ ဂျပန်နိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေကိုကြည့်မည်ဆိုပါက စီးပွားရေးအခြေအနေမှာ ပြန်လည်ကောင်းမွန်လာပြီး အရှိန်အဟုန်ရရှိလျက်ရှိကြောင်း၊ ဝန်ကြီးချုပ်ခီရှိဒအနေဖြင့် မျှော်လင့်ချက်များပိုမိုအားကောင်းလာသည့် လက်ရှိစီးပွားရေးအခြေအနေကို အကောင်းဆုံးအသုံးချကာ ရွေးကောက်ပွဲကို ရုတ်တရက်ကျင်းပရန် စဉ်းစားနိုင်ကြောင်းလည်း Mitsubishi UFJ Research and consulting မှ   principal economist ဖြစ်သူ Shinichiro Kobayashi က ပြောကြားထားပါသည်။

ယခုအပတ်တွင် Japan News Network (JNN) မှကောက်ယူခဲ့သည့် JNN poll စစ်တမ်းထုတ်ပြန်ချက်များအရ ဝန်ကြီးချုပ်ခီရှိဒအစိုးရအပေါ် ထောက်ခံမှုနှုန်းမှာ ၄၆.၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပြီး အဆိုပါရလဒ်မှာ ယခုနှစ်အစောပိုင်းက ကောက်ယူခဲ့သည့် စစ်တမ်းရလဒ်နှင့်နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိရကြောင်း၊ယခင်လက G-7 ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာလက်ခံကျင်းပခဲ့ပြီးနောက် ထိုသို့အစိုးရအပေါ် ထောက်ခံမှုပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ၏အစိုးရအနေဖြင့် ကိုဗစ် -၁၉ ဆိုင်ရာကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ပြီး နိုင်ငံခြားသားများဝင်ရောက်ခွင့်ပြုကာ အခြားသောကမ္ဘာ့နိုင်ငံများနှင့်အပြိုင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန်ကုမ္ပဏီကြီးများအနေဖြင့် ကမ္ဘာ့စီးပွားရေးကျဆင်းလာမှုကြောင့် ရင်းနှီးမြှုပ်နှံလိုစိတ် လျော့နည်းလာမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုနောက်ဆုံးထုတ်ပြန်ထားသည့် ဂျပန်နိုင်ငံ၏ GDP အချက်အလက်များသည် အဆိုပါစိုးရိမ်စိတ်ကို လျော့ပါးစေခဲ့ကြောင်း ဖော်ပြထားပါသည်။

ပြည်ပဝယ်လိုအားကျဆင်းလာမှုနှင့်အတူ ပို့ကုန်တင်ပို့မှုလျော့နည်းလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလာခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် ဂျပန်နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းမှာ အနည်းငယ်သာမြင့်တက်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ငွေကြေး ဖောင်းပွမှုနှုန်းမြင့်မားလာခြင်းနှင့် ဝင်ငွေကျဆင်းလာခြင်းတို့သည် ဝယ်ယူသုံးစွဲနိုင်စွမ်း ပြန်လည်အားကောင်းလာမှုအပေါ် အဟန့်အတားဖြစ်စေနိုင်ကြောင်း Bloomberg မှ စီးပွားရေးပညာရှင် Taro Kimura က ပြောကြားထားပါသည်။

ဂျပန်နိုင်ငံ၏ထုတ်ကုန်ထုတ်လုပ်နိုင်မှုအခြေအနေ၊ ပုဂ္ဂလိကကဏ္ဍ၏သုံးစွဲနိုင်မှုအခြေအနေနှင့် အဖွဲ့အစည်းများ၏ သုံးစွဲနိုင်မှုအခြေအနေမှာ ဂျပန်နိုင်ငံ၏ရောင်းခွန်(Sales Tax)နှုန်းထားကို မတိုးမြှင့်မီကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ တတိယ (၃) လပတ်တွင် ရရှိခဲ့သည့် ပမာဏထက် လျော့နည်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။  

စီးပွားရေးလုပ်ငန်းများ၏လည်ပတ်ဆောင်ရွက်နိုင်မှု ပိုမိုကောင်းမွန်ကာ ကုန်စည်များပိုမိုဝယ်ယူသုံးစွဲနိုင်မှုအားကောင်းခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည့် ဂျပန်နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ပိုမိုကောင်းမွန်လာရခြင်းဖြစ်ကြောင်း SMBC Nikko Securities မှ စီးပွားရေးပညာရှင် Yoshimasa Maruyama က ပြောကြားထားပါသည်။

ဂျပန်နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ရွေးကောက်ပွဲကျင်းပမည့်အချိန်ကာလအပေါ် သက်ရောက်မှုရှိနိုင်မည် မဟုတ်ကြောင်း၊ ဝန်ကြီးချုပ်ခီရှိဒအနေဖြင့် ရွေးကောက်ပွဲကို အလျဉ်စလိုပြုလုပ်ခြင်းထက် ယခုနှစ်ကုန်ဖြစ်သည့် နွေဦးကာလတွင် ရွေးကောက်ပွဲကိုပြုလုပ်နိုင်ပြီး၊ ယခုနှစ် ဘက်ဂျတ်ကာလမကုန်မီ ရွေးကောက်ပွဲကိုအပြီးပြုလုပ်နိုင်ကြောင်း၊ ဝန်ကြီးချုပ်ခီရှိဒအနေဖြင့် အချိန်အနည်းငယ်စောင့်ဆိုင်း၍ ရွေးကောက်ပွဲပြုလုပ်သည့်တိုင်အောင် အတိုက်အခံပါတီများအနေဖြင့် သိသာထူးခြားသည့်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်စွမ်းရှိမည် မဟုတ်ကြောင်း စီးပွားရေးပညာရှင် Yoshimasa Maruyama က ပြောကြားထားပါသည်။

ဂျပန်နိုင်ငံ၏စီးပွားရေးတိုးတက်မှုမှာ ၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် နှေးကွေးနိုင်သော်လည်း ဆက်လက်မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် နည်းပညာဆိုင်ရာအကြပ်အတည်း(Technical Recession) ကိုကျော်လွှားနိုင်ခဲ့ကြောင်းကို ဂျပန်နိုင်ငံအနေဖြင့် ကျော်လွှားနိုင်ခဲ့ကြောင်း အစိုးရကထုတ်ပြန်ထားသည့် ၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်အတွက် ထုတ်ပြန်ထားသည့်ကိန်းဂဏန်းအချက်အလက်များက သက်သေပြလျက်ရှိသော်လည်း တိုးတက်မှုနှင့်ကျဆင်းမှုမှာ တစ်လှည့်စီဖြစ်ပေါ်နိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်မှစ၍ ဂျပန်နိုင်ငံ၏စီးပွားရေးမှာ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ဂျပန်နိုင်ငံ၏စီးပွားရေးမှာ သုံးလပတ်ကာလ (၉) ခုအနက် (၄)ခုတွင် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုမှာ ဆက်လက်တိုးတက်နိုင်သော်လည်း ဧပြီလအတွက် ထုတ်ပြန်ထားသည့်အချက်အလက်များအရ အိမ်ထောင် စုများ၏ ဝယ်ယူသုံးစွဲနိုင်မှုနှင့် လစာဝင်ငွေရရှိနိုင်မှုအခြေအနေမှာ ကောင်းမွန်မှုမရှိသည်ကို တွေ့ရှိရသည့်အတွက် ဧပြီလမှဇွန်လအထိ လာမည့်(၃)လပတ်ကာလတွင် စီးပွားရေးပြန်လည်ကောင်းမွန်လာနိုင်မှုအခြေအနေမှာ မျှော်မှန်းထားသကဲ့သို့ အားကောင်းနိုင်မည်မဟုတ်ကြောင်း Mitsubishi UFJ Research and consulting မှ principal economist ဖြစ်သူ Shinichiro Kobayashi က ပြောကြားထားပါသည်။

Source : The Japan Times (9-6-2023)

(စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News